ကျိုက်လတ် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့ဝင်/ထွက် တပေတမော့ ပူးပေါင်း စစ် ဆေးရေးဂိတ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulanceယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပါတ် အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ ဥပဒေရုံး၊ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်စစ်ဆေးခြင်းဖြစ်ပြီး သွားလာလှုပ်ရှားကြသည့် မော်တော်ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်မှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ယာဉ်မောင်းလိုင်စင်မပါရှိသည့် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူ (၂) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)