ဖြူး ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၀၅၃) ဧက လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိရာ (၄၉၉၀၉)ဧက စိုက်ပျိုးထားပြီးကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
မိုးစပါးအနေဖြင့် ဖြူးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် အဓိကစိုက်ပျိုးသော မျိုးများဖြစ်သည့်ဆင်းသုခ(၁၀၂၈၀၄)ဧက၊ ရက်(၉၀)မျိုး(၂၂၅၇)ဧက၊ ရတနာတိုး(၃၆၅၀)ဧက၊ နှံကောက် (၃၂၇၃၄) ဧက၊ YSR-1(၁၂၇၁)ဧက၊ YSR-14(၃၁၂၆)ဧက၊ YMR- 20(၅၂၁၁) ဧကစုစုပေါင်း(၁၅၁၀၅၃)ဧက စိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်များအရ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်း၊ ဘောင်စနစ်ဖြင့် စိုက်ပျိုးနည်း၊ ရိုးရိုးစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးလေ့ရှိကြောင်းနှင့် လက်ရှိကာလအတွင်း (၄၉၉၀၉) ဧက စိုက်ပျိုးထားပြီးကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ယခင်နှစ် မိုးစပါဧက (၁၅၁၁၈၇) ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်အတွက် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တောင်သူများအား စိုက်နည်းစနစ်နှင့် မြေဆီမြေသြဇာမှန်ကန်စွာ အသုံးပြုရန်၊ စပါးမျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုး၍ စပါးအထွက်နှုန်းကောင်းရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)