ဖျာပုံ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့ (ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်ခေါင်းဆောင်သော ယာဥ်ထိန်းတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း မော်တော်ယာဥ်မောင်းနှင်သွားလာကြသူများအား လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်ကြသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ပါ/မပါ စသည်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့ဝင် မြို့ထွက်နေရာများသို့ လှည့်လည်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဆောင်ရွက်ကြသည်။
ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှု မရှိစေရေး စစ်ဆေးဆောင်ရွက်ရာတွင် အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့ (ဖျာပုံ) မှ ဒုရဲအုပ်ဝိုင်းအောင်ချစ် ခေါင်းဆောင်သော ယာဥ်ထိန်းတပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်/ကျေးများသို့ နေ့စဥ်လှည့်လည်၍မိုဘိုင်းစနစ်ဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပါတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ကြသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ပါ/မပါ၊ ယာဥ်မောင်းလိုင်စင်ရှိ/မရှိ၊ မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့် အညီမောင်းနှင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ကြပြီး၊ မော်တော်ယာဥ်ဥပဒေ၊ စည်မျဥ်း၊ စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)