နတ်တလင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးချတတ်လာပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကို ပြောကြားပြီး၊ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း၊ ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် စာအုပ်များအား ရက်သတ္တပတ်နှစ်ပတ်ကြာငှားရမ်းပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)