ဝါးခယ်မမြို့နယ် ဌာနဆိုင်ရာများက တိုက္ကလားကျေးရွာရှိ ဒေသခံများအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး

ဝါးခယ်မ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ တိုက္ကလားကျေးရွာ၌ ဇွန်လ ၁၀ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာနေ ပြည်သူများအား ဒေသဖွံ့ဖြိုးလုပ်ငန်းများ၊ နယ်မြေဒေသ အေးချမ်းသာယာရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ဆိုင်ရာများ၊ မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေး၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာမှ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အ.လ.က (ခွဲ) (တိုက္ကလား) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)