ဟုမ္မလင်း ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မိုးရာသီတွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှခင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်တို့ကပူးပေါင်း၍ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိရေကန်၊ အိမ်သာရေလှောင်ကန်များနှင့် ဟုမ္မလင်းရပ်ကွက်ရှိ သုံးရေကန်၊ စဉ်အိုးများ၊ ရေတွင်းရေကန်များ၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဘိတ်ဆေးခတ်ခြင်းကို မိုးရာသီတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးစေရန် အိမ်ပေါ်အိမ်အောက် သန့်ရှင်းရေးများနေ့စဉ်လုပ်ဆောင်ရန်အိမ်ပတ်ဝန်းကျင်ရှိ ခြုံနွယ်များအား ရှင်းလင်းဖယ်ရှားရန်စသည်ဖြင့် ခြင်ကြောင့်ဖြစ်သောရောဂါအန္တရာယ်မှ ကင်းဝေးစေရန် အိမ်ရှင်များအား အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)