ကသာ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ပဋ္ဌာန်းကုသလတိက်ဘာသာရပ်နှင့်ဘာသာပြန်ဘာသာရပ်ကို မြောက်ကျောင်းပရိယတ္တိစာသင်တိုက်၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပဌာန်းကုသလတိက်ဘာသာရပ်နှင့် ဘာသာပြန်ဘာသာရပ်ကို ဖြေဆိုရန်စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၅၄)ပါး ရှိရာ ရဟန်း၊ သာမဏေ၊ သီလရှင်(၃၉)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၅)ပါးရှိကြောင်းနှင့် အဆိုပါစာမေးပွဲကို ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲများ ကျင်းပဆောင်ရွက်ရာတွင် သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆွမ်းကိစ္စအဝဝတို့ကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း