ပခုက္ကူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ (၉၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆွမ်းတော်ကြီး ၁၄၆၀ လုံး လောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးသည် အခုချိန်မှာနှစ်ပေါင်း (၉၀၈)ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ကျွန်တော်တို့၏ ရှေးအဘိုးအဘွားများလက်ထက်ကပင် နောင်လာနောင်သားမျိုးဆက်သစ်လူငယ်များကို ဘာသာတရားကိုင်းရှိုင်းကြစေရန်ရည်ရွယ်ချက်၍ လွန်ခဲ့သောနှစ်ပေါင်း (၂၀၀)ခန့်ကစတင်ပြီး ရေသွန်းပွဲတော်၊ နယုန်လဗုဒ္ဓပူဇနိယဈေးရောင်းပွဲတော်၊ ဆွမ်းတော်ကြီးတင်လောင်းလှူပွဲတော်တို့ကို နှစ်စဉ်ကျင်းပလေ့ရှိကြောင်း၊ ယနေ့တွင် အလှူရှင်များအလိုက် ဘုရားကြီးပုရဝဏ်အတွင်းရေစက်ချပြီး ဆွမ်းတော်ကြီးတင်သပိတ်လုံး ၁၄၆၀ လုံး လာရောက်လောင်းလှူကြကြောင်း၊ အလှူရှင်များ လာရောက်လှူဒါန်းသောဆွမ်းတော်ကြီးများကို မဟာဝိဇယာရာမ(အရှေ့)တိုက်၊ မဟာဝိသုတာရာမ(အလယ်)တိုက်၊ သာသနဝိပုလာရာမ(မန္တလေး)တိုက်၊ ဆုကြီးပန်ကျောင်းတိုက် စသည့် ပါဠိစာသင်တိုက် ၅ တိုက်ထံ ဆွမ်းသပိတ်လုံး ၁၀၀ လုံးစီနှင့် အခြားသောဘုန်းတော်ကြီးကျောင်း ၃၀ ကျောင်းထံ ဆွမ်းသပိတ်လုံး ၂၀ လုံးစီဖြင့် လိုက်လံပို့ဆောင်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
ထို့အပြင် ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်သူများ၊ ဘုရားဖူးကုသိုလ်ယူသူများ၊ ဘုရားကြီးအနီးရှိ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းရောင်းပွဲတော်အတွင်းရောင်းချသည့် အဝတ်အစား၊ အသုံးအဆောင်နှင့် စားသောက်ဖွယ်ရာများအား ဝယ်ယူအားပေးသူများ၊ ကလေးကစားကွင်းနေရာများ၌ အပန်းဖြေဆော့ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)