စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာသင်တန်း(အခြခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (အခြေခံ)ဖွင့်ပွဲ အခမ်းအနားတက်ရောက် 

မုံရွာ ဇွန် ၁၀

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း (အခြေခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (အခြေခံ)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်မည့် စီမံကိန်းသင်တန်းများသည် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် အသက်မွေး ဝမ်းကျောင်းကာလတို သင်တန်းများနှင့်မတူညီဘဲ အခြေခံတစ်ကြိမ်နှင့် မွမ်းမံတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများမှ လုပ်ငန်းထူထောင်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် တစ်ဦးချင်း၏ GDP တိုးတက်၍ လူမှုစီးပွားမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး အထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သည့် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ကိုယ်ပိုင်လုပ်ငန်း ထူထောင်သူများအနေဖြင့် အထောက်အထားခိုင်မာသည့် ပိုင်ဆိုင်မှုရှိမည်ဆိုပါက အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ငွေအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူနိုင်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သင်တန်းသား/သူများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဝင်များ အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ)သို့ တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများထံ သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးအား သွားရောက်တွေ့ဆုံကာ စာမေးပွဲဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများအတူ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာဖြေသံဃာတော်၊ သီလရှင်များအား ဝတ္ထုငွေနှင့် အချိုရည်များ လက်ရောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။                                                                         

တိုင်းဒေသကြီး(ပြန်/ဆက်)