အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

အုတ်တွင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်မျိုးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးဒေါ်ဇင်မာမြင့်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအဏ္ဏဝါအောင်နှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့မှ ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမဒေါ်ချိုဇင်ထက်က သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့အား ဇွန်လ()ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသို့ တက်ရောက်လာသော တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ခရိုင်ဦးစီးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)