ပေါက်ခေါင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မိုးစပါးစိုက်ပျိုးရန် ၄၆၇၅၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုလ ဇွန်လဆန်းမှစတင်၍ မိုးစပါးများစိုက်ပျိုးရန် တောင်သူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးဧကပြည့်မီကျော်လွန်အောင် စိုက်ပျိုးမည်ဖြစ်ပြီး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးကြပြီး၊ တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီ(၂)၊ ရက်(၉၀)နှင့် ထိုင်းနှံကောက်မျိုးစပါးများကို အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးခြင်းများကို နေရာဒေသအလိုက် အမျိုးမျိုးစိုက်ပျိုးမည်ဖြစ်သည်။ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်အဖွဲ့များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကျေးရွာတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ယခုနှစ်မေလလယ်ခန့်မှ စတင်၍ နွေစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)