လိပ်သို ဇွန် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အရှင်ဇနက(မန္တလေးစာသင်သား)ရေးသားသော “ကိုယ့်ကိုယ်ကိုယ်အားပေးကူညီခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် ပညာမဲ့ခြင်း၊ မိုက်မဲတွေဝေခြင်း၊ မသိနားမလည်ခြင်း စသည့်ဘဝဆိုး ကျိုးများမှလည်း လွတ်မြောက်စေနိုင်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်အဲနာဂျော့က “ စိတ်ချမ်းသာသလို နေပါ” ခေါင်းစဉ်အောက်မှ “ဘဝမှာ စိတ်ချမ်းသာရတဲ့ အချိန်တွေထက် စိတ်ဆင်းရဲရတဲ့အချိန်တွေက ယေဘုယျအားဖြင့် ပိုများကြကြောင်း ဘဝမှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေရတာ တစ်သား တည်းမကျတိုင်း စိတ်ညစ်နေရကြောင်း၊ စိတ်ညစ်နေခြင်းဟာ အဆင်ပြေချောမွေ့ခြင်းတွေရဲ့ အဖြေမဟုတ်တာတော့ သေချာကြောင်း၊ ဘဝမှာစိတ်ချမ်းသာဖို့က အရေးကြီးလေတော့ အဆင်မပြေခြင်းတွေ ရင်ဆိုင်နေရရင်တောင်မှ စိတ်ချမ်းသာဖို့အတွက် စိတ်ချမ်းသာသလို နေတတ်ဖို့က သိပ်အရေးကြီးကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ အရှင်ဇနက(မန္တလေးစာသင်သား) ရေးသားသော “ကိုယ့်ကိုယ်ကိုယ်အားပေးကူညီခြင်း” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကြိုးစားမှုတွေက ကိုယ့်ကိုမျက်ကွယ်မပြုနိုင်တော့တဲ့ တစ်ချိန်ချိန်မှာတော့ ကိုယ့်အတွက် အကောင်းဆုံးရလဒ်တွေကိုပေးအပ်သွားမှာ အသေအချာပင်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်