ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များ လက်ဝယ်ထားရှိ စီးနင်းသွားလာမှု ရှိ/ မရှိ တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်

ပေါင်းတည် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဥ်များ လက်ဝယ်ထားရှိ စီးနင်းမောင်းနှင်သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှစတင်ကာ မြို့ဝင်မြို့ထွက်နှင့် လမ်းဆုံလမ်းခွများတွင် မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့ပြလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် စစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်နိုင် စီမံမှုဖြင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲမြင့် ဦးဆောင်ကာ အရာရှိ အရာခံအကြပ်တပ်သားတပ်ဖွဲ့ဝင်များ၊ မြို့ပြလုံခြုံရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ လက်ဝယ်ထားရှိမှု၊ အသုံးပြုမှုနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိမှု အချက်အလက်အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်လျှင် ယာဉ်သိမ်းဆည်း၍ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များအပါအဝင် စက်တပ်ယာဉ်အားလုံးနှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။

ရွှေသား