မင်းဘူး ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်လျက်ရှိပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေအမှတ်သည် ၁၃၆၂ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလနောက်ဆုံးပတ်တွင်သာ မိုးများစွာ ရွာသွန်းခဲ့ပြီး ယခုရက်ပိုင်းတွင် မိုးရွာသွန်းခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသများ၌ မိုးများစွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျောက် ၎င်းမြစ်ရေသည် တဖြည်းဖြည်းတိုးမြင့်လာပြီး အလယ်ပိုင်းဒေသများကို ဖြတ်သန်းစီးဆင်းခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေနှင့် ပတ်သက်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အပတ်စဥ်ကွင်းဆင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်စရာအခြေအနေသို့ မရောက်ရှိသေးသော်လည်း မြစ်ကမ်းဘေးနှင့် မန်းချောင်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိသော ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာတီမြစ်စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ၁၃၆၂ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိရန် ၃၃၈ စင်တီမီတာသာလိုတော့ကြောင်း၊ မြစ်ရေအမှတ် ၁၆၅၀ စင်တီမီတာ ဝန်းကျင်ရောက်မှသာ မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)