သံတောင်ကြီး ဇွန် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကိုအဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလချိန် ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာတွင် ကွမ်းပင်ငယ်များဖြစ်လာကာ တစ်နှစ်ကွမ်းသီးပျိုးပင်များကို မိုးရေများသော ဩဂုတ်လအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
(၃)နှစ်သားကွမ်းသီးပျိုးပင်များကို ဇွန်လတွင်လည်းကောင်း၊ (၂)နှစ်သားကွမ်းသီးပျိုးပင်များကိုဇူလိုင် လ တွင်လည်းကောင်း၊ (၁)နှစ်ကွမ်းသီးပျိုးပင်များကို ဩဂုတ်လတွင်လည်းကောင်း စိုက်ပျိုးကွမ်းသီး ပျိုးပင်ငယ်များ အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် စိုက်ပျိုးပြီး ကွမ်းပင်ငယ်များကို (၃) လတစ်ကြိမ် ပေါင်းရှင်းပေးခြင်း၊ အလင်းရောင်ရရှိစေရန် ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်၊ ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို (၃) နှစ်အတွင်းပြုလုပ်ပေးရသည်။ ကွမ်းပင်ငယ်များ (၃) နှစ်နှင့်အထက်ရှိလာပါက အောင်မြင်ဖြစ်ထွန်းသည့် အပင်များဖြစ်လာပြီး (၆)နှစ် မှ(၇)နှစ်ခန့်တွင် စတင်ပြီးအသီးသီးကြောင်း ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးစောအောင်ထူးထံက သိရသည်။
နော်နော်မူ