စစ်ကိုင်း ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံမိုးကြို(နွေနှမ်း)စိုက်ပျိုးမှုကို ဘောင်ကြီးတင်စနစ်အပါအဝင် ကြဲပတ်စနစ်၊ အတန်းစိုက်စနစ်စသည့် စိုက်ပျိုးနည်းလမ်းများဖြင့် စိုက်ပျိုးထားရှိရာ လက်ရှိအချိန်အထိ ရာနှုန်းပြည့်နီးပါး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လျာထားဧက(၁၉၈)ဧကတွင် စိုက်ပျိုးဧက(၂၀၁)ဧက စိုက်ပျိုးလာနိုင်ခဲ့ရာ ယမန်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး မြေအောက်ရေ၊ တောင်သူ ရေတင်၊ အစိုးရရေတင် စသည့် ရေနည်းလမ်း အသုံးပြု၍ အတန်းစိုက်စနစ်၊ ကြဲပက်စနစ်များအပြင် ဘောင်ကြီးတင်စနစ်ပါစတင် ပြောင်းလဲစိုက်ပျိုးလာနိုင်ခဲ့ရာ လက်ရှိအချိန်ထိ စိုက်ပျိုးဆောင်ရွက်ခဲ့သော စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်ထံမှ သိရှိရသည်။
ပုံမှန်စိုက်နည်းစနစ်များအပြင် ဘောင်ကြီးတင်စိုက်စနစ်ကြောင့် မိုးနည်းရေရှားဒေသများတွင် မြေဆီလွှာအတွင်း အစိုဓာတ်ကို ထိထိရောက်ရောက် ထိန်းသိမ်းထားနိုင်ခြင်း၊ အချိန်အခါ မဟုတ်မိုးရွာသွန်းခြင်းကြောင့် မိုးသည်းထန်မှုအပေါ် မြေတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဘောင်စနစ်ကို အအခြေခံထားခြင်းကြောင့် ရေကိုစနစ်တစ်ကျ ထိန်းသိမ်းထားနိုင်ပြီး စိုက်ပျိုးပြုစုရာတွင် လွယ်ကူစေခြင်းနှင့် ရေသွင်းခြင်းလုပ်ငန်းများကို အလေအလွင့်မရှိ ထိရောက်စွာ စီမံနိုင်ခြင်း ပေါင်းရှင်းလုပ်သားစရိတ်လျှော့ချနိုင်၍ တစ်ဧကကုန်ကျစရိတ် သက်သာနိုင်ကာ အမြတ်အစွန်း ပိုမိုရရှိလာနိုင်သည့်အတွက်ဘောင်ကြီးတင်စနစ်ကို ယခုဘဏ္ဍာနှစ်တွင် အကျိုးဆောင်တောင်သူများနှင့်အတူ စတင်စမ်းသပ်စိုက်ပျိုးထားခြင်း ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်ပိုမိုရရှိပါက တောင်သူအားလုံး လိုက်ပါဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ စိုက်နည်းစနစ်များပြောင်းလဲ စိုက်ပျိုးလာနိုင်စေရေး၊ စိုက်ပျိုးရေးနည်းပညာများ တောင်သူသိရှိလိုက်ပါနိုင်စေရေး၊ အဓိကသီးနှံများ၏ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ နည်းပညာ၊ သွင်းအားစုစသည့် လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်းအောင်