ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနသို့ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုမည့် စာစစ်ဌာန (အ.ထ.က- ၁ ကန့်ဘလူ) သို့ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့်မီးဘေးလုံခြုံရေးတို့အတွက် တာဝန်ရှိသူများက ဇွန် ၉ ရက်နံနက် ၁၀ နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့က အ.ထ.က (၁) စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေဆိုရာတွင် စာရေးခုံ၊ထိုင်ခုံများပြင်ဆင်ထားရှိမှု၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ပြင်ဆင်ထားရှိမှု၊ ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်းမီးဖိုများစနစ် တကျပြင်ဆင်ချက်ပြုတ်မှု၊ မီးသတ်ဆေးဘူးများ၊လျှပ်စစ်ကြိုးများ၊ မီးပလပ်ဘုတ်ခုံများ စနစ်တကျ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ရာ ကန့်ဘလူမြို့နယ်မှ ကျောင်းသား ၃၁၉ ဦး၊ ကျောင်းသူ ၃၇၄ ဦး စုစုပေါင်း ၆၉၃ ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)