နတ်တလင်းမြို့နယ်၌ မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ

နတ်တလင်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊နတ်တလင်းမြို့နယ်၌ ဒေသအတွင်းဆန်စပါး ဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧက စိုက်ပျိုးနိုင်‌ရေး လျာ ထား ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

နတ်တလင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ဆင်းသုခ၊ရတနာတိုး၊ဗီယက်နမ်၊မှော်ဘီ-၃၊ထိုင်းနှံကောက်၊ရက်-၉၀ စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ရိုးရိုးပျိုးထောင် စိုက်ပျိုးခြင်း(၃၇၈၈၁)ဧက၊ဘောင်ပျိုး(၂၉၂၅)ဧက၊ မျိုး‌စေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်း(၆၆၆၉၉)ဧက၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း(၂၇၅၇)ဧက  စုစုပေါင်း မိုးစပါးစိုက်ဧက(၁၁၀၂၆၂)ဧကကို စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက် ပေးလျက်ရှိပြီး စပါးအထွက်နှုန်း တိုးတက်ရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာ နှင့်သဘာဝမြေဩဇာ အချိန်ကိုက်အချိုးကျ ထည့် သွင်းနိုင်ရေး၊စပါးဆားရည်စိမ်နည်း၊စပါးဖျက် ပိုးမွှားအန္တရာယ် စနစ်တကျ ကာကွယ်နှိမ်နင်း‌ရေးတို့အတွက် ပညာပေးသင်တန်းများ၊ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိ​​ပြီး အခြားသီးနှံများ စိုက်ပျိုးရာတွင်လည်း တောင်သူများအခက်အခဲ မရှိစေရေးနှင့် နည်းစနစ်များမှန်ကန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝေယံဖြိုး