ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်သစ် ဖွဲ့စည်းဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာများတွင် မြစိမ်းရောင် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဝင်သစ် ဖွဲ့စည်းဆောင်ရွက်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်း ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ကဏ္ဍအလိုက်ချပြ ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံရပ်မိရပ်ဖများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒဖြင့် စီမံကိန်းလုပ်ငန်းကော်မတီဝင်(၇)ဦးအား အတည်ပြု ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာနှင့် ဖလံကျင်း ကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရကာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေ သိန်း(၃၀၀) ထုတ်ချေးပြီး ကျေးလက်နေ ပြည်သူများ တစ်ပိုင် တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်စေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)