ဘုတ်ပြင်း ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက်(၂၅)နှစ်အောက် အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းသတ်မှတ်ထားသည့်နေရာတို့တွင် အသီးသီးနေရာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူး ရဲလင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးလာစေရန်နှင့် အားကစားဘက်သို့ စိတ်ပါဝင်စားမှုဖြစ်ပေါ်စေရန်၊ ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အားထားရသည့်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်စေရန်နှင့် အားကစားသမားများ အနေဖြင့်လည်း စည်းကမ်းတကျယဉ်ယဉ်ကျေးကျေး သန့်သန့်ရှင်းရှင်းဖြင့် မိမိအသင်းအောင်နိုင်ရေး ကို ကြိုးစားယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း ပြောကြားသည်။
ယင်နောက် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အုန်းတောကမ်း(ခ) အသင်းနှင့် ဘုတ်ပြင်း(က)အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာများမှ အားကစားဝါသနာရှင်များအားကစားသမားများ ကြည့်ရှု အားပေးကြသည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၆)သင်းဖြင့် အုပ်စု(၂)စု ခွဲကာ အုပ်စုတွင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ (၁၁)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)