ကျိုက်လတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေး တာဝန်ရှိသူများ လိုက်လံနှိုးဆော်

ကျိုက်လတ် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်‌နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက ကျောင်းနေအရွယ်ကလေးများရှိသည့် နေရာများအရောက် ကွင်းဆင်း၍ လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ကိုယ်စားဒုတိယမြို့နယ်ပညာရေးမှူး ဦးဇင်ဘိုဘို၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဌာနအလိုက်ခွဲ၍ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံ၍ ကျောင်းနေအရွယ် ကလေးမိဘများနှင့်တွေ့ဆုံကာ ကျောင်းအပ်နှံစေရေး၊ ကျောင်းတက်ရောက် စေရေးတို့အတွက် လိုက်လံနှိုးဆော်ခဲ့ကြသည်။ ကျိုက်လတ်မြို့နယ်အနေဖြင့် ယနေ့ ဇွန်လ(၉)ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးမှု ရာခိုင်နှုန်း (၉၇.၁၂) ရာခိုင်နှုန်းရှိပြီး ကျောင်းအပ်နှံရန် ကျန်ရှိနေကြသည့် ကျောင်းသား/ကျောင်းသူများအား အချိန်မီကျောင်းအပ်နှံ တက်ရောက်ကြရန် လိုက်လံတိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်