အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး စဥ်ဆက်မပြတ်ဆောင်ရွက် 

အိမ်မဲ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ချောင်းဝရပ်ကွက် အ.မ.ကချောင်းဝကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မိုးတွင်းကာလမှာ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေမှာ ရေကြီး၊ ရေလျှံမှုတွေမဖြစ်ပွားအောင်နဲ့ ရေမြောင်းတွေ ရေမစီးပဲရေအယ်နေတဲ့အခါ မြောင်းအနံ့တွေနဲ့ ရေမစီးနိုင်တဲ့အခါ ခြင်တွေပိုမိုပေါက်ဖွားနိုင်တာကြောင့် ယခုအပတ်မှာတော့ အ.မ.က ချောင်းဝကျောင်းရှေ့မှာ ဆောင်ရွက်တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်ပြောကြားချက်အရ သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဦးမျိုးဇော် ဦးဆောင်၍ ဝန်ထမ်းများက အဆိုပါကျောင်းရှေ့ရှိ ရေမြောင်းအတွင်းမှ အမှိုက်များနှင့် မြေသားအနက် နှိုက်ခြင်းတို့ကို စက်ယန္တရားများဖြင့် စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်