မင်းဘူးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဧကာဒသမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မင်းဘူး ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာများနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြင့်ဆက်ကပ်လှူဒါန်းသည့်  ဧကာဒသမ အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မင်းဘူးမြို့ သာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်းဘူးမြို့ ဩဝါဒစရိ ရွှေတွင်းကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသာသနနှင့် မင်းဘူးမြို့ မဟာ ဝိသုတာရာမတိုက်သစ် ပဓါနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော ဆရာတော် အရှင်သူမြတ်များထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူ ဆောက်တည်ကာ မေတ္တာသုတ် ပရိတ်တရားတော်နှင့် အနုမောဒနာတရားဒေသနာတော်များ နာယူ ကြည်ညိုပြီး ပင့်ဖိတ်ထားသော ဆရာတော်ကြီးများနှင့် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော် ကြီးများအား မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး မင်းဘူး(စကု)မြို့နယ်တွင် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ ရေးဦးစီဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ မင်းဘူးစာဖြေဌာနနှင့် စကုစာဖြေဌာနတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ပထမငယ်တန်းမှ ရဟန်း (၁) ပါး၊ အခြေပြု မူလတန်းမှ ရဟန်း၊ သာမဏေ (၁၅) ပါးနှင့် သီလရှင်ဆရာလေး (၅) ပါး၊ စုစုပေါင်း (၂၁) ပါးအား မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက စာအောင်လက်မှတ်နှင့်အတူ ဂုဏ်ပြုဆုများဖြင့် ချီးကျူးဂုဏ်ပြုပူဇော် ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)