မြဝတီ ဇွန် ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀:၀၀ နာရီက ရေပူစမ်းကျေးရွာရှိ ဘုရင့်နောင်စာကြည့်တိုက်၌ ဆောင်ရွက်သည်။
အဆိုပါ စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းရာတွင် မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စာကြည့်တိုက်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးရာဌာနဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာပါက စာပေဖတ်ရှုသူလူငယ်များ၏ လက်ရုံးရည်၊ နှလုံးရည်များ ဖွံ့ဖြိုး တိုးတက် လာမှာဖြစ်ပြီး အသိပညာဗဟုသုတ တိုးပွားလာစေနိုင်ကြောင်း ပြောကြားပြီး၊ မြဝတီခရိုင် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းဝေက စာအုပ်/စာစောင်များ လှူဒါန်းရသည့် ရည်ရွယ်ချက်နှင့် စာအုပ်/စာစောင်များ ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီခရိုင် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းဝေက သုတ/ရသ စာအုပ်စာစောင် (၃၂၀)ကို ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များက လက်ခံရယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းမျိုးညွန့်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျေးရွာစာကြည့်တိုက် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်လုပ်ငန်း စနစ်တကျ ရှိစေရေး၊ စာကြည့်တိုက်ရှိ စာအုပ်/ စာစောင်များ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရေးနှင့် လစဉ်စာအုပ်စာစောင်များ ရရှိနိုင် စေရေးအတွက် ခရိုင်စာကြည့်တိုက်ဖောင်ရှင်း၊ ကျေးရွာစာကြည်တိုက် ကော်မတီဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)