ဒေးဒရဲမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲကျင်းပ

ဒေးဒရဲ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် လယ်ယာမြေများ စပါးအထွက်နှုန်း ပိုမိုတိုးတက်ရရှိစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက တညင်ကုန်းကျေးရွာအုပ်စုတညင်ကုန်းကျေးရွာကွင်းအမှတ် (၂၄၄/က)၊ ဦးပိုင်အမှတ် (၃၅)ရှိ တောင်သူဦးဇော်မင်း၏ လယ်မြေ ()ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံလျှော်မြေဩဇာ ထည့်သွင်းမြေမြှုပ်ပွဲ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး  သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပင်များအား  ထည့်သွင်းမြေမြုပ် သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (၁၇၄၉၃၀) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ရေတော်မိုးတော်ဧက (၁၃၄၂၃၈) ဧက၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးလယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် မြေတွင်းအာဟာရ ဓာတ်ကြွယ်ဝစေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှုအား တားဆီးပေးနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်လာခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု လျော့နည်း၍ ကုန်ကျစရိတ် သက်သာစေခြင်း၊ မျိုးအဖြစ် ထုတ်လုပ်ပါက အပိုဝင်ငွေ ရရှိနိုင်ပြီး တောင်သူများ၏ အကျိုးစီးပွား ပိုမိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေဇာလင်း