ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကျုံပျော်  ဇွန်  ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ  စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်မြတ်ချမ်းသာ ဘုရားတန်ဆောင်းအတွင်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဆုနှင်းသဘင် အခမ်းအနား တက်ရောက်လာကြသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ အသောကရာမကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တကေသရာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဩဝါဒကထာ နာကြားကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး၊ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ဖြေဆိုအောင်မြင်ခဲ့ကြသည့်  ပထမလတ်တန်းတစ်ပါး၊ ပထမငယ်တန်းနှစ်ပါးနှင့် အခြေပြုမူလတန်း (၁၇)ပါးတို့ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေ၊ အလှူရှင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အသောကရာမကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရား နာကြားကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင်  သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၂၀)ပါး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)