ရေနံချောင်း ဇွန် ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ညောင်လှရပ်ကွက် ကမ်းနားရပ် ဧရာဝတီမြစ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေးသုံး Robot Rescue စက်ဖြင့်လည်းကောင်း၊ ကယ်ဆယ်ရေးစက်လှေဖြင့်လည်းကောင်း စမ်းသပ်မောင်းနှင်ကာ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်သည်။ ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ရေဘေးအန္တရာယ် ကြုံတွေ့သူအား ရှေးဦးသူနာပြုစုနည်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သဘာဝဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)