ပခုက္ကူမြို့၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာ ကျင်းပမည်

ပခုက္ကူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေး သည်များ၏ စုပေါင်းဈေးရောင်းပွဲတော်ကို အမှတ်(၁၄) ရပ်ကွက်ရှိ သီဟိုဠ်ရှင်ဘုရားပွဲတော် ကျင်းပရာနေရာများ၌ ဇွန်လ ၇ ရက်မှ ၁၈ ရက်နေ့အထိ ၁၂ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဈေးသည်များ၊ ဒေသခံဈေးသည်များ စုပေါင်းရောင်းချခြင်းဖြစ်ပြီး ပွဲတော်အတွင်း ခေတ်ပေါ်အဝတ်အထည် ဒီဇိုင်းအရောင်းဆိုင်များ၊ ချက်ပြုတ်ရေးသုံးပစ္စည်းအရောင်းဆိုင်များ၊ အညာဒေသထွက် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များ၊ တောင်သူလယ်သမားသုံးပစ္စည်းအရောင်းဆိုင်များ၊ ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်များ၊ မုန့်ဆိုင်တန်းများ၊ အပျော်ဆော့ကစားနိုင်သည့်နေရာများအပြင် ကလေးကစား ကွင်းများပါဝင်ကြောင်း၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများအနေဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေး၊ ကလေးငယ်များနှင့် မိဘများ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း ဝယ်ယူအားပေးမှုတဆင့် ရရှိလာသည့် ရန်ပုံငွေများကို ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဈေးရောင်းပွဲတော် ကျင်းပသည့်နေရာတွင် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယဈေးရောင်းပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါနှင့် နယ်မြေဒေသ အခြေအနေများကြောင့် ခုနစ်နှစ်ခန့်ကြာ ရပ်နားထားခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)