ကြံခင်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေလယ်ကျွန်းကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဟောပြောဆွေးနွေး

ကြံခင်း   ဇွန်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ရေလယ်ကျွန်းကျေးရွာ ဒေသခံပြည်သူ့များနှင့်တွေ့ဆုံကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဟောပြောဆွေးနွေး ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်(အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်(၂) ဦးကျော်ကျော်နှင့် ရေလယ်ကျွန်းအုပ်ချုပ်ရေးမှူးတို့သည် ပဏ္ဍိတဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဦးရေဝတအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် ရေလယ်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလသည် ကျောင်းသားကျောင်းသူများ၏ ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် ကျောင်းနေအရွယ်အားလုံး ကျောင်းတက်ရောက်နိုင်ရေးအတွက် မိဘများမှ ဝိုင်းဝန်ကူညီပေးစေလိုကြောင်း၊ အမှန်တကယ် ဆင်းရဲ နွမ်းပါးသည့် ကျောင်းမတက်နိုင်သော ကျောင်းသား၊ ကျောင်းသူများရှိပါက မိမိတို့အနေဖြင့် တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လယ်၊ ယာကဏ္ဍကို အဓိက အားထားလုပ်ကိုင်တာကို တွေ့ရခြင်းကြောင့် စပါးအထွက်တိုးစေရေး မျိုးကောင်းမျိုးသန့်ကိုသာ စိုက်ပျိုးသွားရန်၊ စပါးစိုက်ပျိုးရာ၌ ကြဲခင်းစနစ်ကို အသုံးမပြုဘဲ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် Seeder စနစ်ကိုသာ အသုံးပြုရန်ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းထွဋ်လွင်က ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ ဧည့်စာရင်း တိုင်ကြားရန်၊ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်သည့် ကိစ္စရပ်များရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက လူမှုရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး၊ Online မှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မယုံကြည်ရန်၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ပံ့ပိုးစေလိုကြောင်းပြောကြားသည်။ ယင်းနောက် ရေလယ်ကျွန်းကျေးရွာသို့ရောက်ရှိနေသည့် ယာယီ‌နေရပ် စွန့်ခွာ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ပြီး၊ အလက(ရေလယ်ကျွန်း) ကျောင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပညာရေးကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စက်လှေဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြစ်ရေမြင့်တာလာခြင်းကြောင့် မြေနိမ့်ပိုင်းများ ရေဝင်ရောက်နိုင်သည့် နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(မြို့နယ်ပြန်/ဆက်)