ပဲခူး ဇွန် ၈
ရုံးလုပ်ငန်းဆိုင်ရာများကို သိရှိနားလည်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်း သင်တန်း(၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားနည်း အမျိုးအစား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူ ဆောင်ရွက်ခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့သည်။
အဆိုပါ ရုံးစာရေးသားနည်းသင်တန်းကို ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ၃ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပဲခူးခရိုင်နှင့် မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သူ ၁၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)