မြန်အောင် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစာအောင်သံဃာတော်များနှင့်သီလရှင်ဆရာလေးတို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ညနေက မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ပဓာနနာယက Dr.ဘဒ္ဒန္တဣသဘ နိုင်ငံတော်၊ ဗဟိုသံဃာ့ဝန်ဆောင် တိပိဋကဒီဃဘာဏက၊ ဒီဃနိကာယ ကောဝိဒ MA(သီရိလင်္ကာ) Ph,D (India)ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဦးစွာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ၊အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ မြန်အောင်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူကြသော ပထမလတ်တန်းအောင်၊ ပထမငယ်တန်းအောင်၊ အခြေ ပြုမူလတန်းအောင် ရဟန်း၊ ကိုရင်၊ သီလရှင်ဆရာလေး(၂၈)ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးဆက် ကပ်လှူဒါန်းခဲ့ကြပြီး မြန်အောင်မြို့ လေးမျက်နှာ မဟာစည်ရိပ်သာ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝရဥာဏဆရာတော်ထံမှ ရေစက်သွန်းချတရားတော်နာကြား၍ အခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌနှင့်ဆရာတော်ကြီးများ၊ စာအောင်ရဟန်းသာမဏေများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)