မြဝတီမြို့ ရွှေလဝန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မြဝတီ           ဇွန်       ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအားသိရှိပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေးနှင့်  စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂:၀၀ နာရီက မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ရွှေလဝန်း ကိုယ်ပိုင်အထက်တန်း ကျောင်းခန်း မဆောင်၌ ကျင်းပပြုလုပ်သည်။         

အဆိုပါ အသိပညာပေး ဟောပြောဆောင်ရွက်ခြင်းကို  အမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ  တပ်ဖွဲ့စုမှူး  ဒုတိယရဲမှူး အောင်လင်းဌေး ဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြု ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ၊ လိုက်နာရန် စည်းကမ်းချက်များ၊ ဆောင်ရန်ရှောင်ရန်များ၊ မြဝတီမြို့နယ်အတွင်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းများအားလည်းကောင်း၊ မော်တော် ဆိုင်ကယ်ပေါ်တွင် နှစ်ဦးထက်ပို၍စီးနင်းပါက ဖြစ်ပွားနိုင်သည့် အခြေအနေများအားလည်းကောင်း၊  Power Point ဖြင့် ရှင်းလင်းဟောပြောပေးပြီး တက်ရောက်လာကြသည့်‌ ကျောင်းသား၊ ကျောင်းသူ လေးများက သိရှိလိုသည်များမေးမြန်းခဲ့ကြကာ တာဝန်ရှိများက ပြန်လည်ရှင်းလင်းပေးသည်။

မြဝတီမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့ပါးစေရေးအတွက် အသိပညာ ပေးဟောပြောပွဲများကို အထက ကျောင်းများ၊ ဈေးများ၊ လမ်းများတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များအား ယာဉ်အသုံးပြုသူများ လိုက်နာဆောင်ရွက်ကြရန်နှင့် မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ခြင်းများကိုလည်း အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)