မြို့သစ် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သည်ရေခံမြေခံကောင်း၍စိုက်ပျိုးရေးကိုအခြေခံသည့်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကိုစိုက်ပျိုး လုပ်ကိုင်ကြရာခရမ်းပင်များအား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်သူလုပ်သား ဦးရေများပြား လာကြောင်းသိရသည်။
ဒေသခံများသည်အိမ်ရှိ မြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊ ပဲသီး၊ ခရမ်း၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီး ဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ခရမ်းပင်များအား မျိုးစေ့များကိုကျဲပြီးမှ အပင်ပေါက်များအားကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက်သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့် ဂရုစိုက်ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ပြီ ဖြစ်ရာ(၂)ရက်ခြား တစ်ကြိမ်ခူး ဆွတ်ရောင်းချရကြောင်း သိရသည်။
ခရမ်းသီးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်(၂ဝ၀၀)ကျပ် အထိရရှိပြီးထွက်ရှိသည့် အသီးများကို မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ၊ စည်ပင်သာယာရေးအဖွဲ့ပိုင်၊မြို့မစျေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် ဖောက်သည်သွင်းကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့်ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင်ရာသီ အလိုက်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံးစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)