ကဝ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ကဝမြို့နယ်၊ ပေါက်ကုန်းကြီးကျေးရွာ၊ နိုင်ငံတော်ဗဟိုဝင်ဆောင် ရေတွင်းကုန်းကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလနှင့် အဖွင့်သြဝါဒကထနာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းမှ သာသနာရေးကိစ္စရပ်များအား လျှောက်ထား တင်ပြခဲ့သည်။
ထို့နောက်စာအောင်သံဃာတော်များအား စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌကံမြင့်ကျောင်း ဆရာတော်ဘုရားကြီးမှ အနုမောဒနာနှင့် ရေစက်ချတရားဟောကြားခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)