တိုင်းဒေသကြီးဝန်ကြီးချုပ် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားတက်ရောက်အားပေး

ပုသိမ်        ဇွန်        ၇

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းချောင်ကျေးရွာရှိတောင်သူ ဦးအေးသောင်း၏ စပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများထံသို့ ဆာဖိုးသာ-၁၊ ဆင်းသုခ၊ မှော်ဘီ-၃ မျိုးစပါးပေးအပ်ခဲ့ပြီးနောက် ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်တွင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်ကြိုးပမ်းကြစေလိုကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာမှု၊ ဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း မြှုပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)