ပန်းတောင်းမြို့နယ်၌ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန်စာအောင် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

ပန်းတောင်း    ဇွန်    ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော်ကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်က ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းကျင်းပပြုလုပ်ခဲ့သည်။

ရှေဦးစွာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရထုံးဘိုမြို့ ကိုးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စနှင့် စာအောင်သံဃာတော်များ၊သီလရှင်၊ လူပုဂ္ဂိုလ်များအား ဘာသာရေး အခမ်းအနားဖြင့် သာသနာ့ဗိမာန်တော်သို့ပင့်ဆောင်ပူဇော်ကာ အခမ်းအနားအစီစဉ်အရ "နမောတဿ" (၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး ထီးဖြူတော်ဂါထာတော်ရွတ်ဆို ပူဇော်ခဲ့သည်။ ၎င်းနောက်မဟာ သဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ (အောင်မြေဘုံဈာန်)ဆရာတော်ကြီးထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရမှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။

ဆက်လက်၍ သဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တပဏ္ဍိစ္စကိုးဆောင် ကျောင်းတိုက်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဌေးမှ ဖတ်ကြားပူဇော်ပြီး ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်အပ်သော ရတု/တေးထပ်ကို တေးသံရှင်ပေါက် ခေါင်းရွှေထွန်းမှပူဇော်ကန်တော့ခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ ၂၀၂၅ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့သော သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ရ ထုံးဘိုမြို့ကိုးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စအားဘွဲ့ တံဆိပ်တော်နှင့် အဆောင် အယောင်များကိုလည်းကောင်း၊ ၂၀၂၄ခုနှစ်၊ နိုင်ငံတော်အစိုးရ ဝိနယဝိဒူအောင်မြင်ပြီး ဝိနယဝိဒူဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစာရိတ္တရပ်သာ အရှေ့ကျောင်း ဆရာတော်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း၊ ၂၀၂၄ခုနှစ်၊ နိုင်ငံတော်အစိုး ရဓမ္မာစရိယစာမေးပွဲတွင် ကျမ်း(၃)ကျမ်းအောင်မြင်ပြီးသာသနာ့ဓဇဓမ္မာစရိယ ဘွဲ့ရရရှိသူ ဘဒ္ဒန္တ စန္ဒာသီရိ(အောင်ချမ်းသာကျောင်း)ရွှေဘုံသာအုပ်စု၊ ဘဒ္ဒန္တ ဣန္ဒြိယ (မြောင်ရှည်ကျောင်း) ဒေါင်းမြတ်နားအုပ်စု၊ ဘဒ္ဒန္တ ဇောတိဿရ (ဒန့်ဒလွန်‌ကျောင်း) ဒန့်ဒလွန်အုပ်စု စသည့်ဆရာတော် (၃)ပါးအား အောင်လက်မှတ်နှင့် အဆောင်အယောင်များ ကိုလည်းကောင်း၊ ၂၀၂၄ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်/သီလရှင်တို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုငွေတို့ ကိုလည်းကောင်း၊ ၂၀၂၄ခုနှစ်၊ နိုင်ငံတော်အစိုးရ ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် အဆင့်(၃)ဆင့်အား တစ်နှစ်ထဲအောင်မြင်ပြီး မြန်မာတစ်နိူင်ငံလုံး၌ ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုရရှိသော မစောမြတ်စန္ဒာအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ ၂၀၂၄ခုနှစ်၊အစိုးရ(အဘိဓမ္မာ) စာမေးပွဲအောင်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များမှ အသီးသီးဆက်ကပ် လှူဒါန်းပေးအပ်ခဲ့ ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)