ရေနံချောင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် ထုတ်ချေးပေးပြီးဖြစ်

ရေနံချောင်း ဇွန် ၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မေလ ၁၉ ရက်နေ့က စတင်၍ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ ၆ ရက်နေ့အထိ တောင်သူ ၃၂၀ ဦးအား ချေးငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ကျေးရွာအုပ်စု ၂၉ အုပ်စုနှင့် ရပ်ကွက် ၁၄ ရပ်ကွက်ရှိပြီး ယနေ့အထိ ဘဲဆိပ်ကျေးရွာ အုပ်စု၊ ဖောင်းကတောကျေးရွာအုပ်စုနှင့် သစ်တပွေအုပ်စုတို့မှ တောင်သူ ၃၂၀ ဦး၏ မြေပဲနှင့် ပဲတီစိမ်းသီးနှံ ၂၀၂၆ ဧကအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၀၂၆ သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ယခင်နှစ်ချေးငွေများ ပြေကျေစွာပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရာတွင် စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံက ချေးငွေမထုတ်ချေးမီ သီနှံအလိုက်ချေးငွေနှုန်းထားများ၊ အတိုးနှုန်းထားများ၊ ချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလနှင့် အချိန်မီပေးဆပ်နိုင်ရေး စည်းကမ်း ချက်များကို ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်