မင်းဘူး ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော်လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေသောက် ဧရိယာနှင့် မိုးကောင်းသောက် ဧရိယာများတွင် ရေရရှိရေးနည်းလမ်း (၆) ခုဖြင့် မိုးစပါးကို ကြဲပက်စိုက်ခင်း (အစို/အခြောက်)၊ တိုက်ရိုက်စိုက် (အစို/အခြောက်)၊ SRI ၊ Seeder ၊ ပေါင်ဆွဲစိုက်ခြင်း၊ ပျိုးထောင်စိုက်ခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခနှင့် ရတနာတိုး၊ အောင်နိုင်တိုး၊ မနောသုခ၊ ရက် ၉၀၊ GW-11 စသည့် စပါးမျိုးများကို အများဆုံးရွေးချယ် စိုက်ပျိုးကြကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့အတွက် ဧရာမင်း ၂၆၀၄၂ ဧက၊ မနောသုခ ၉၀၄၅ ဧက၊ ဆင်းသုခ ၅၃၅၈ ဧက၊ ရတနာတိုး ဧက ၂၅၀၊ ဆာဖိုးသာ ၁၀၉ ဧက၊ အောင်နိုင်တိုး ၁၀၃ ဧက၊ ရက်၉၀က ၄၆ ဧကနှင့် GW-11 ၃၆ ဧကဖြစ်၍ စုစုပေါင်း ၄၀၉၈၈ ဧကကို စိုက်ပျိုးရန်လျာထားပြီး၊ တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက်များ ဖော်ဆောင်ပေးကာ တစ်ဧက အထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့် သွင်းနိုင်ရန် သက်သာသောဈေးနှုန်းများဖြင့် ဖြန့်ဖြူးပေးခြင်း ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့သရုပ်ပြပေးခြင်း လုပ်ငန်းများကို တောင်သူများနှင့် တွေ့ဆုံ၍ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦကျော်စိုးလင်းက ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)