ကန့်ဘလူမြို့နယ်တွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်မည်

ကန့်ဘလူ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထားပြီး စပါး ထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမှုးများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေး ရေးနှင့် သုတေသနဖွံ့ဖြိုးရေးရည်မှန်းချက်များကို အဓိကထား၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍တွန်းအားပေး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ စပါးစိုက်ဧကတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက်မျိုးကောင်းမျိုး သန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများစနစ်တကျထည့်သွင်းကာလေလွင့်ဆုံးရှုံးမှု များလျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာများ ဟောပြောခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေးနှင့်ကြိုတင်ကာကွယ် နိုင်ရေးတို့အတွက် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်စေရန် နည်းပညာပေးဟောပြောခြင်းစသည့် စိုက်ပျိုးရေး နည်းပညာပေး ဆွေးနွေးပွဲများကိုလည်းတိုက်နယ်အလိုက် ဆောင်ရွက်သွား မည်ဖြစ်သည်။ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကန့်ဘလူမြို့နယ်၌ နည်းပညာပြန့်ပွား ရေးစင်တာများကို တိုက်နယ်ကိုးခုတွင် ဖွင့်လှစ်ပြီးကွင်းပညာရှင်များက ဝန်ဆောင်မှုပေါင်း လျက်ရှိရာ နည်းပညာများကို ရယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)