ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါမဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများ မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ တာဝန်ရှိသူများက မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိမှု၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ မဲရလဒ်ရေတွက်ပုံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိပြီးမဲပေးစက် (MEVM)များ စနစ်တကျသိမ်းဆည်းထားရှိမှု၊ ထပ်မံရောက်ရှိမည့် မဲပေးစက်များ စနစ်တကျနေရာချထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပြည်နယ်လွှတ်တော်ရုံး၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အစည်းအဝေးခန်းမနှင့်နားနေခန်းများကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၏ အများပြည်သူ သွားလာလည်ပတ် စရာနေရာတစ်ခုဖြစ်သော ကန်သာယာပတ်လမ်းတွင် ဖောက်လုပ်ထားသော ဦးပေါက်လမ်း၊ ဦးပေါက်တံတားနှင့် ရန်မျိုးအောင်လမ်းကြား လမ်းဘေးဝဲယာ တိုးချဲ့မြေသားတာဘောင်အသစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဦးပေါက်လမ်းစိမ်းလန်းစိုပြေသာယာရေး၊ ဦးပေါက်တံတားကြံ့ခိုင်ရေးနှင့် တိုးချဲ့မြေသားတာဘောင်မြေသားသိပ်သည်းမှုနှင့်မြေသားတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အလားတူ ပြည်နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ပါဋ္ဌိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှစ၍ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်များတွင် ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်များစာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ဓမ္မာရုံတွင် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ် ၂၂၀ ပါးတို့၏ ပထမငယ်တန်းစာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်တွင် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ အခြေပြုမူလတန်း ၃၈၉ ပါး၊ လူပုဂ္ဂိုလ် ၅ ဦးတို့၏ စာမေးပွဲဖြေဆိုနေမှု၊ တောင်တန်းသာသနာ ပြု(ဗဟို)ကျောင်းတွင် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ပထမကြီးတန်း ၅၅ ပါး၊ ပထမလတ်တန်း ၉၉ ပါး၊ ပါဋ္ဌိဂုဏ်ထူး ၅ ပါး၊ လူပုဂ္ဂိုလ် ၅ ဦးတို့၏ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ဖူးမြော်ကြည်ညိုကြကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)