ငရုတ်ကောင်းမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဥ်မပါ) အပတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ငရုတ်ကောင်း ၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဥ်မပါ) အပတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငရုတ်ကောင်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကြရန်နှင့် ငရုတ်ကောင်းဒေသတည်ငြိမ်အေးချမ်းရေးကိုရှေးရှ၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားခဲ့သည်များကိုအခြေခံ၍ မိမိဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။ ပြီးနောက် ပမ္မဝတီ‌ ရေတပ်စခန်းဌာနချုပ် (ငရုတ်ကောင်းမြို့အခြေစိုက်စခန်း) မှ ဗိုလ်ကြီးသန်းတိုးအောင်က တပ်ဖွဲ့ဝင်များအား မိမိတို့မြို့/ရွာအတွက် အဖက်ဖက်မှ အားထားရတဲ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားကြရန်လို‌အပ်‌ကြောင်းနှင့် တပ်ဖွဲ့ဝင်များ သင်တန်းကာလအတွင်း သင်တန်းပျက်ကွက်မှုမရှိအောင် သင်ကြားလိုက်နာမှု‌ကောင်းကြောင်း ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)