ကျိုက်လတ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆေးဝါးများနှင့် စားသောက်ကုန်အရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ရက်လွန်ဆေးဝါးများရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်များဖြစ်သော ပဲပြား၊ ငရုတ်သီးမှုန့်၊ မျှင်ငပိ၊ မျှစ်၊ ပုဇွန်ချဉ်၊ ခေါက်ဆွဲတို့တွင် ဆိုးဆေးများ သုံးစွဲထားရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးရန်ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ပြည်သူများအနေဖြင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး အလှည့်ကျ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)