မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

မကွေး ဇွန် ၆

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က မကွေးမြို့နယ် အမှတ်(၅)စက်မှုသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အနေနဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို မိုးကြိုကာလ၊ မိုးဦးကာလများတွင် ကျင်းပဆောင်ရွက်ပေးနေခြင်းဟာ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးတို့အတွက် ပြည်သူလုထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ၊ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ လူထုဖြန့် ပျိုးပင်များအပါအဝင် အထူးပျိုးပင်များ၊ အမြင့်(၄)ပေ အထက်ရရှိရေးကြိုတင်ပျိုးထောင်ထားသည့် ပျိုးပင်ကြီးများ စုစုပေါင်းသစ်မျိုး(၃၆)မျိုး၊ ပျိုးပင်ပေါင်း (၂၅၃၀၄၂၅)ပင်အား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၅ မိုးရာသီ အတွင်း ပျိုးပင်စုစုပေါင်း (၂၅) သိန်း ကျော်ကို ဇွန်လကုန်မှာ အပြီးစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ဂေဟစနစ် တည်တံ့စေမည့် အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး၌ သစ်တော၊ သစ်ပင်များ စိုက်ပျိုးတည်ထောင်ခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှုများကို လျော့ကျလာစေမှာဖြစ်ပြီး၊ ရာသီဥတုကို မျှတစေသည့်အပြင် မြေဆီလွှာတိုက်စားမှု လျော့ပါးသက်သာစေခြင်း၊ သားငှက် တိရစ္ဆာန်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအတွက် မှီခိုရာနေရာများ ရရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်စေခြင်း၊ ဂေဟစနစ်များကို ညီညွတ်မျှတစေကာ ပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများစွာ ရရှိစေနိုင်သည့်အတွက် ယခုနှစ် မိုးရာသီတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ သစ်ပင်များစိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီးသစ်တောဦးစီးဌာနက လူထုဖြန့်ပျိုးပင်များကို အခမဲ့ဖြန့်ဝေကာ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ သို့ပါ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောနယ်မြေအတွင်းသာမက သစ်တောမြေ ပြင်ပနေရာများမှာ သက်ဆိုင်ရာဌာနများ၊ ဒေသခံ ပြည်သူများက လမ်းဘေးဝဲယာသစ်ပင် စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊  မြို့ပြသစ်တောများ တည်ထောင်ခြင်းအားဖြင့် စိမ်းလန်းမြေ (Green space) များ တိုးပွားလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းနှင့် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ဂေဟစနစ် တည်တံ့စေမည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က စိုက်ပျိုးမည့် ပျိုးပင်များကို စက်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီးပေးအပ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ယူကလစ်(၄၉၀)ပင်၊ ပန်းမယ်ဇလီ (၁၂၇) ပင်၊ ခရေ (၇၁ )ပင်၊ တမာ (၁၀၅) ပင်၊ မယ်ဇယ် (၇၆) ပင်၊ ကုက္ကို (၅၄) ပင်၊ ဆီသပြေ (၅၇) ပင်၊ မယ်ဇလီ (၄၁) ပင်၊ ဖျောက်ဆိပ် (၆၆) ပင်၊ မာတာကွတ် (၁၃) ပင်၊ စုစုပေါင်း (၁၁၀၀) ပင်တို့ကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။

မောင်ညီညာ