မင်းဘူးမြို့ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်း ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မင်းဘူးခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အ.မ.က သီရိမင်္ဂလာနှင့် အ.မ.က မူလွန် မန်ကျီးချောင်းကျောင်းတို့တွင် ကျောင်းဖွင့်ရာသီမိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများကို သန့်ရှင်းရေးပြုလုပ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ စာသင်ကျောင်းများရှိ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ လောက်လမ်းစားငါးများ ထည့်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက မင်းဘူးမြို့ပေါ်ရှိ ကျန်ရှိနေသော အခြေခံပညာကျောင်းများသို့ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)