တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇွန် ၆

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ကျောင်းသင်ခန်းစာများအား အထောက်အပံ့ဖြစ်စေရန်၊ ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များ ရည်မှန်းချက်ထားကြိုးစားရန်၊ ကျောင်းသင်ခန်းစာများကိုအထောက်အကူဖြစ်စေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာပေလေ့လာဖတ်ရှုစို့ အသိပညာပေး နံရံကပ်စာစောင်၊ စာပေပညာရှင်များ၏ စာပေဆိုင်ရာအဆိုအမိန့်များ၊ မြို့နယ် ပြည်သူ့စာကြည့်တိုက် အသိပညာပေး ဆောင်ရွက်မှုမှတ်တမ်းများအား စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)