သရက်မြို့၌ သဘာဝဘေး လျော့ပါးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက် ဇွန် ၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍    သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက တောင်မင်းတည်းအခြေခံမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က သတင်းအချက်အလက်များရယူ၍ သဘာဝဘေးကင်းဝေးအောင် နေထိုင်ခြင်းဟောပြောခြင်းနှင့်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ရေဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ရပါက သတိပြုလိုက်နာရန်အချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက မိုးကြိုးဘေးအန္တရာယ်၊ ဆူနာမီဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ရပါက သတိပြုလိုက်နာရန် အချက်များအား  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ဝေသည့် ဘေးအန္တရာယ်ဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)