လှိုင်းဘွဲ ဇွန် ၆
ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများအကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ၊ဆရာမ(TA/LT) ခန့်ထားမှုနှင့် ဦးစီးဌာန၏လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က ဒေသဖွံ့ဖြိုးရေး အခြေအနေများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ဘားအံခရိုင် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများအကြောင်းနှင့် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးအုန်းတင်က မြို့နယ်အတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုနိုင်သူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းသား၊ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းမေးခွန်းလွှာများကို ကျောင်းသား၊ကျောင်းသူများက ဖြေဆိုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)