ဘိုကလေး ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလကုန်နှင့် ဇွန်လပထမပတ်တို့တွင် မိုးများရွာသွင်းပြီး ဒီရေကလည်ရေထရက်ဖြစ်သည့်အတွက် လယ်မြေများတွင်ရေများရရှိ၍ ဒေသခံတောင်သူများက မိုးစပါးများစိုက်ပျိုရန် လုပ်ငန်းများစတင်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သည်။
မြစ်ဝကျွန်ပေါ်ဒေသသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့်အတွက် ဘိုကလေးမြို့နယ်ရှိ တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြရာမိုးစပါးနှင့် နွေစပါးကိုအားထားစိုက်ပျိုးကြသည်။ စိုက်ပျိုးရာသီကာလတွင် စပါးမျိုးကို အချို့တောင်သူများက ကိုယ်ပိုင်မျိုးစေ့ဖြင့်စိုက်ပျိုးကြပြီး အချို့တောင်သူများက ကာလပေါက်ဈေးပေးကာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။
"ကျွန်တော်တို့ မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်မြေများကို စတင်ထွန်ယက်ကြရာမှာ ကိုယ်ပိုင်ထွန်စက်နှင့် ထွန်ယက်ကြသူများရှိသလို ငှားရမ်းထွန်ယက်သူများလည်းရှိပါတယ်။ ငှားရမ်းထွန်ယက်သူများအနေဖြင့် လယ်တစ်ဧကကို ထွန်စက်ငှားရမ်းခ လေးသောင်းကနေ ငါးသောင်းပေးငှားပြီး ထွန်ကြရပါတယ်" ဟု ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ဘိုကလေးမြို့နယ်အတွင်းရှိတောင်သူများမှာ ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသည့်အတွက် နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆန်ဖူလုံရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် သွင်းအားစုစရိတ်များကြီးမြင့်သော်လည်း မိုးလေဝသကောင်းမွန်၍ အလေအလွင့်ဆုံးရှုံးမှုနည်းကာ သီးနှံအထွက်နှုန်းကောင်းပြီး ဈေးနှုန်းကောင်းရရှိပါက အကျိုးအမြတ်များရရှိ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ဦးသန်းဌေးအောင်