ထားဝယ် ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကားအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပရာရှေးဦးစွာ သင်တန်းသား/သူများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရုရှားဘာသာစကားအခြေခံသင်တန်းတွင် သင်တန်းသား ၂၀၀ ကျော် စိတ်ပါဝင်စားစွာ တက်ရောက်သောကြောင့် ဒေသ၏အကျိုးအတွက် ကောင်းမွန်သည့်ရလဒ်တစ်ခု၊ ကောင်းမွန်သည့် အနေအထားဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အခြေခံကျသော လုပ်ငန်းတစ်ခု အောင်မြင်သည်ဟု ယုံကြည်ကြောင်း၊ ရုရှားဘာသာစကားကျွမ်းကျင်တက်မြောက်ထားရန် လိုအပ်ကြောင်း၊ ဘာသာစကား မတတ်မြောက်သည့်နေရာဒေသသို့ ရောက်ရှိပါက စကားမပြောတက်သောသူ၊ နားမကြားသောသူနှင့်တူကြောင်း၊ မည်သည့်နေရာဒေသ သို့ရောက်ရှိသည်ဖြစ်စေ ဘာသာစကားအား သင်ယူထားရှိရန်လိုအပ်ကြောင်း၊ မိမိဘာသာစကားနှင့်မတူညီသောနေရာ ဒေသတွင်ကြာမြင့်စွာ နေထိုင်လာပါက ဘာသာစကားတတ်မြောက်လာကြောင်း၊ ဘာသာစကားတတ်မြောက်ရန် အချိန်ကာလတစ်ခု စောင့်ဆိုင်းရပြီး ကြိုးစားအားထုတ်မှုလည်းလို အပ်လာကြောင်း၊ မကြာခင်ကာလအတွင်း စတင်ဆောင်ရွက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လုပ်ငန်းတွင် ပြောဆိုဆက်ဆံကြသည့်အခါ၌ ယခုသင်ယူထားသောအခြေခံဖြစ်သည့် ရုရှားဘာသာစကားနှင့် နူတ်ဆက်စကားများ သိရှိနိုင်ကြောင်း၊ ဥပမာအားဖြင့် အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ဝေါဟာရများ၊ စကားရပ်များ၊ ပညာရပ်များ သင်ကြားရနိုင်ပြီး အလားတူပင် ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းနှင့်ပတ်သက်၍ ပြောဆို ဆက်ဆံရမှုများရှိနိုင်ကြောင်း၊ ဘာသာစကားသည် တစ်ဦးနှင့်တစ်ဦးယုံကြည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ ဆက်သွယ်မှုကောင်းမွန်စေကြောင်း၊ ဘာသာစကားမတက်မြောက်ပါကနားမကြားသောသူ၊ စကား မပြောနိုင်သောသူနှင့်အလားသဏ္ဍာန်တူပြီး မည်သည့်အရာမှ လွယ်ကူစွာမရကြောင်း၊ ဘာသာစကားပြောဆိုနိုင် အောင်လေ့ကျင့်ထားရန်၊ ကြိုးစားအားထုတ်မှုရှိရန်လိုအပ်ပြီး နောင်အသုံးချနိုင်အောင်ဆက်လက်ပြီး လေ့ကျင့်သွားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့်ဘာသာရပ်များကို ကဏ္ဍအလိုက်ခွဲခြားပြီးသင်တန်း များဖွင့်လှစ်နိုင်အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့တွင်လည်း ဘာသာစကားတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား/သူများက “ရွှေဝယ်သူများရေခပ်သွား” သီချင်းနှင့် ရေအိုးရွက်အကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရုရှားဘာသာစကားအခြေခံသင်တန်း နည်းပြဆရာမအား ဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ရုရှားဘာသာစကားအခြေခံသင်တန်းပြီးမြောက်သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းသား/သူများ (ကိုယ်စား) သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)