ပေါက်ခေါင်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံဆည်နှင့် မြောက်နဝင်းရေလှောင်တမံဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကို ယခုနှစ်ဇန်န ဝါရီလဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီးစိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။
“အခုနှစ်နွေစပါး ၅ ဧကစရိတ်ပါတယ်၊ ရိတ်သိမ်းခြွေလှေ့ခ တစ်ဧကကို တစ်သိန်းတစ်သောင်း ပေးရတယ် ခုနှစ်စပါးမျိုးကတော့ ရတနာတိုးစပါးမျိုးစိုက်ထားပြီး၊ ခုစပါးဈေးလက်ရှိပေါက်ဈေးက စပါးအစိုတင်းတစ်ရာကိုပေါက်ဈေးကျပ် ၁၀ သိန်းတစ်သောင်းထိ ဈေးရပါတယ်၊နွေစပါးနဲ့မိုးစပါးမှာ နွေစပါးကို ပိုပြီးတော့ အားထားစိုက်တယ်၊ရေမပြတ်ဘူးဆိုရင် အထွက်နှုန်းလည်းပိုကောင်းပါတယ်"ဟု နွေစပါးစိုက်ပျိုးသည့် တောင်သူဦးမြင့်ဌေးက ပြောကြားသည်။လက်ရှိနွေစပါးဈေးမှာ ယခင်နှစ်က ဈေးနှုန်းထက် ကျဆင်းနေကြောင်းနှင့်ယခင်နှစ်ကပေါက်ဈေးမှာ ကျပ် ၁၀ သိန်းငါးသောင်းထိ ရရှိကြောင်းဒေသခံတောင်သူများထံမှသိရသည်။ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး ၁၁၄၄၆ ဧက စိုက်ပျိုးထားရှိပြီး မေလကုန်မှစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)